Monday, June 14, 2010

About U Aye Myint (Guding Star) - Human Rights Defender of Burma


      အစဉ်အလာအားဖြင့် ကျေးလက်တောရွာနေ ပြည်သူလူထုအများစုမှာ ရုံးပြင်ကန္ဒား ကိစ္စရပ်များအတွက် စိုးရိမ်ပူပန်မှုများပြားတတ်ကြ ပီး၊ အကျိုးဆောင်ရှေ့ နေများ ငှားရမ်းရန် အတွက်လည်း ငွေကြေးပြည့်စုံလုံလောက်မှုမရှိ ကြပါ။ ဤအားနည်းချက်ကို အခွင့်အရေးယူပြီး အချို့ သော အာဏာပိုင်အဖွဲ့အစည်းများ၏ ဥပဒေမဲ့ မတရားမှုများကို တိုက်ဖျက်ရန်၊ ချို့ တဲ့ သော ကျေးလက်နေ လူထုကို အကူအညီပေး အကျိုးဆောင်နိုင်ရန် လမ်းပြကြယ်အဖွဲ့ကို ဖွဲ့စည်းလှုပ်ရှားခဲ့ခြင်း ဖြစ်ပါတယ်။    

ဦးအေးမြင့်ဟာ- ပြည်သူတွေအနေနဲ့ မိမိတို့ အခွင့်အရေးတွေ ဆုံးရှုံးနေမှုများကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (အိုင်အယ်လ်အို) သို့ တိုင်ကြားနိုင်ကြောင်း၊ အဲဒီလို တိုင်ကြားခြင်းအတွက် အရေးမယူဖို့ကို လက်ရှိအစိုးရက တရားဝင်လက်မှတ်ရေးထိုးထားကြောင်း၊ ဒါကြောင့် ပြည်သူတွေအနေနဲ့ အားငယ်ကြောက်ရွံ့ စရာမလိုဘဲ အမှန်တရားအတွက် ဥပဒေကြောင်းအရ ရင်ဆိုင်ကြဖို့ လမ်းပြကူညီခဲ့တဲ့ လမ်းပြကြယ်အဖွဲ့ရဲ့ ခေါင်းဆောင်လဲဖြစ်ပါတယ်။ 

ဦးအေးမြင့်ကို ၁၉၅၁ ခုနှစ်မှာ ပဲခူးတိုင်း ကျောက်ဖူးကုန်း(က) ရပ်ကွက်နေ တောင်သူလယ်သမား မိဘများက မွေးဖွားခဲ့ပါတယ်။ ၁၉၈၀ပြည့်နှစ်မှာ ဥပဒေဘွဲ့ကိုရရှိခဲ့ပြီး ၁၉၈၁ခုနှစ်မှာ ရှေ့ နေလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုခဲ့ပါတယ်  


ဦးအေးမြင့်ဟာ - အောင်လံနယ်က လယ်သမားများ မြေယာအသိမ်းခံရတဲ့ကိစ္စ၊ စိမ်းစိုရွာက လယ်ယာမြေဧက ပေါင်းများစွာကို စစ်တပ်ပိုင်သကြားစက်ကနေ သိမ်းဆီးခဲ့တဲ့ကိစ္စ၊ ပဲခူးတိုင်း ဒိုက်ဦးနှင့် ကျောက်တံခါးမြို့နယ်တို့တွင် အဓမ္မလုပ်အားပေးစေခိုင်းမှုကြော င့် ဒေသခံကျေးရွာသား သုံးဦး အသက်ဆုံးရှုံးခဲ့ရသည့်ကိစ္စ၊ အရွယ်မရောက်သေးသူ ကလေးသူငယ်များကို စစ်တပ်အတွင်းဆွဲသွင်းခြင်းစတဲ့ ဆင်းရဲသား တောင်သူလယ်သမားတွေ မတရားပြုမူခံနေရတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး အခကြေးငွေမယူဘဲ  ဥပဒေအရကူညီဆောင်ရွက်ပေးခဲ့ ပါတယ်။ 

၂၀၀၁ခုနှစ် ပဲခူးတိုင်းက တောင်သူလယ်သမားတွေကို အစည်းအဝေးပွဲဆိုပြီးလိမ်ညာခေါ်ေ ဆာင်ကာ တိုက်ပွဲတွေဖြစ်နေတဲ့ ရှေ့ တန်းသို့ ပေါ်တာအထမ်းသမားများအဖြစ်ပို့ခဲ့ တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ ချုပ် ILO ကိုတိုင်ကြားခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဖမ်းဆီးခံခဲ့ရကာ နိုင်ငံတော် ပုန်ကန်မှုစွဲချက်နဲ့ ၂၀၀၃ခုနှစ်မှာ သေဒဏ်ချမှတ်ခြင်းခံခဲ့ရပါတယ်။

အပြည်ပြည်ဆိုင်ရာအလုပ်သမားသမဂ္ဂ များရဲ့ ဖိအားပေးတောင်းဆိုမှုများကြောင့် ၂၀၀၅ခုနှစ် ဇန်နဝါရီလမှာ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ ဒါပေမယ့် ဦးအေးမြင့်ရဲ့ ရှေ့ နေလိုက်ခွင့်လိုင်စင်ကိုတော့ ပိတ်သိမ်းခြင်း ခံခဲ့ရပါတယ်။  

ရှစ်လအကြာမှာတော့ ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ဖောင်တော်သီကျေးရွာမှ မြေယာများ အဓ္ဓမအသိမ်းခံခဲ့ရတဲ့  တောင်သူလယ်သမားများကို အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ ချုပ်ရုံးသို့ ခေါ်ဆောင်တိုင်တမ်းခဲ့မှုနဲ့ ထောင်ဒဏ် ၇နှစ်ထပ်မံချမှတ်ခြင်းခံခဲ့ရပြန်ပါတယ်။ အိုင်အယ်လ်အိုရဲ့ ကူညီဆောင်ရွက်ပေးမှုကြောင့် တနှစ်နီးပါးအကြာမှာ ထပ်မံလွတ်မြောက်လာခဲ့ပြန်ပါတယ်။  

သေဒဏ်၊ ထောင်ဒဏ်တွေဟာ ဦးအေးမြင့်ရဲ့ ခံယူချက်ကို ဝေဝါးမှိုင်းမှုန်သွားအောင်မတတ် နိုင်ခဲ့ပါဘူး။   ဦးအေးမြင့်ဟာ ရှေ့ နေလိုက်ခွင့်လိုင်စင် မရှိတော့ပေမယ့် ရာထူး၊ အာဏာ၊ လုပ်ပိုင်ခွင့်တွေနဲ့ နှိပ်စက်နေခြင်းကို  အမှန်တရားမြတ်နိုးတဲ့ စီနီယာ၊ ဂျူနီယာရှေ့ နေများ၊ တပည့်များနဲ့အတူ  ပူးပေါင်းတရားစွဲဆိုနိုင်အောင် ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ 

ဘယ်လိုခြိမ်းခြောက်ဟန့်တားမှုမျိုးကိုမဆို ရင်ဆိုင်ရင်း တောင်သူလယ်သမားတွေနဲ့ မရှိဆင်းရဲသားတွေရဲ့ အကျိုးကို ဆောင်ရွက်သွားမယ်လို့ ဆုံးဖြတ်ထားတဲ့ ဦးအေးမြင့်ဟာ ၂၀၀၇ခုနှစ် ဖေဖေါ်ဝါရီလ ၂ရက်နေ့မှာ
လမ်းပြကြယ်အဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ တောင်သူလယ်သမားများ အလုပ်သမားများရဲ့ လူမှုရေးကိစ္စများကို အဖက်ဖက်က ကူညီဆောင်ရွက်ပေးခြင်းနဲ့အတူ လမ်းပြကြယ်အဖွဲ့ကြီးဟာ တိုင်းနဲ့ပြည်နယ်အသီးသီးက အဖွဲ့ဝင်အင်အား ငါးသောင်းကျော်အထိတိုးပွား အားကောင်းလာခဲ့ပါတယ်။

လမ်းပြကြယ်အဖွဲ့ဟာ “ကိုယ့်ရှေ့ မှာ မတရားတာတွေ့ရင်၊ ဥပဒေအရနှိပ်စက်နေမယ်၊ အာဏာအရ နှိပ်စက်နေမယ်၊ ရာထူးအရနှိပ်စက်နေမယ်ဆိုရင် တွေ့ရှိတဲ့သူကနေ အကြောင်းကြားပေးဖို့” နဲ့ ငွေကြေးတပြားတချပ်မှမယူ စေတနာနဲ့ ဆောင်ရွက်ပေးတဲ့အဖွဲ့ဖြစ်ပါတယ်။ ကိုယ်ပိုင်အသိစိတ်ဓါတ်နဲ့ လုပ်ဆောင်နေကြတဲ့အဖွဲ့ဖြစ်ပါတယ်

ရှေ့ နေတွေ၊ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေကအစ ပါဝင်တဲ့ လမ်းပြကြယ်အဖွဲ့ကြီးမှာ ဦးအေးမြင့်ဟာ အဖွဲ့ခေါင်းဆောင်အဖြစ်တာဝန်ယူထားပြီး ခံစရာရှိရင်ရှေ့ ကနေခံမယ်လို့ ဆိုပါတယ်။  ပြည်သူလူထုအကျိုးကို သယ်ပိုးဆောင်ရွက်ရာမှာ အခြားသူတွေလို ငွေကြေးအင်အားမရှိရှာဘဲ တတ်ထားတဲ့ ပညာ၊ တခြားသူများတတ်ထားတဲ့ပညာတွေကို ပေါင်းစည်းပြီး အခမဲ့ကူညီခြင်းသာ ဖြစ်ပါတယ်။

ရှေ့ နေလိုက်ခွင့်လိုင်စင်ရုတ်သိမ်း ခံထားရတဲ့ ဦးအေးမြင့်ဟာ အခြားစီးပွားရေးလုပ်ငန်းများမရှိဘဲ ကုန်စိမ်းရောင်းတဲ့ဇနီးသည်ရဲ့ ဝင်ငွေနဲ့ နေထိုင်စားသောက်ပြီး ပြည်သူ့အကျိုးကို သယ်ပိုးနေပါတယ်။  

အလုပ်သမားများရဲ့အခွင့်အရေးဆုံးရှုံးခြင်းများ၊ အလုပ်ခွင်ထိခိုက်ဒဏ်ရာရရှိမှုများ၊ အဓမ္မလုပ်အားပေး စေခိုင်းခံရသူများ၊ လယ်ယာမြေများကို ဥပဒေမဲ့သိမ်းဆည်းခံရမှုများ၊ အရွယ်မရောက်သေးသူများကို စစ်တပ်အတွင်းဆွဲသွင်းခြင်းကိစ္စ ရပ်များမှာ ဥပဒေဘောင်အတွင်းကနေ ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ 

ဒေသဆိုင်ရာအာဏာပိုင်များ၊ ငွေရှင်ကြေးရှင်များနဲ့ ပူးပေါင်းပြီး ဓါးမဦးချ လုပ်ကိုင်စားသောက်လာခဲ့တဲ့ တောင်သူလယ်သမားတွေရဲ့ မြေယာတွေကို လက်လွှတ်ဆုံးရှုံးရာမှ ပြန်လည်ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။  

ဦးအေးမြင့်(လမ်းပြကြယ်) ဟာ သူ့ရဲ့ ဆောင်ရွက်မှုကနေ ပေါ်ထွက်လာတဲ့အသီးအပွင့်တချို့ ကို အခုလို ပြောပြခဲ့ပါတယ်။

“ကျနော်တို့က ဥပဒေသမားတွေဆိုတော့ ဥပဒေဘောင်အတွင်းက လုပ်တာပါ။ ရှေ့ ကနေ ရဲရဲတင်းတင်း ဆောင်ရွက်ခဲ့တယ်။ ကလေးစစ်သားကိစ္စမှာ မိဘတွေက တိုင်ရဲလာတယ်။ တဖွဲဖွဲနဲ့ ဆက်သွယ်တယ်။ အခုဆို ကျေးရွာတွေ နယ်တွေမှာ အဓ္ဓမလုပ်အားပေးတွေ ပ ပျောက်လာတယ်၊ ပြည်သူတွေအနေနဲ့ မှန်တာလုပ်တယ်၊ ဥပဒေဘောင်ထဲကနေလုပ်တယ်၊ လူညီညွတ်ရင် ဒုက္ခမရောက်ဘူးဆိုတာ သိလာတယ်။” 

ဆက်လက်ပြီးတော့လဲ ဦးအေးမြင့်က
“ပညာတတ်တွေက ရှေ့ က ဦးမဆောင်ရင်၊ အနစ်နာမခံရင်၊ ဘာမှ နားမလည်ဘဲ သမားရိုးကျ လယ်လုပ်၊ အချိန်တန် လှူရပြီးရော နောက်တခါ လယ်ထဲပြန်ဆင်းဆိုတဲ့ ဆင်းရဲသားတောင်သူလယ်သမားတွေ အလုပ်သမားတွေ ဘယ်လိုမှ နားမျက်စိပွင့်နိုင်မှာ မဟုတ်ဘူး။ ပညာတတ်တွေ တကိုယ်ကောင်း မဆန်ကြပါနဲ့၊ အသိဥာဏ်ဖွင့်ဖြိုးတဲ့ စာတတ်၊ ပေတတ်၊ ပညာတတ်တွေ ပါဝင်လာရင် ပိုအောင်မြင်လာမယ်”
လို့ ပြောပြခဲ့ပါတယ်။
 

တကယ်တော့ ဦးအေးမြင့်ဟာ အားကိုးရာမဲ့ ဆင်းရဲသား ပြည်သူလူထုရှေ့ က မားမားရပ်လို့ အာဏာပိုင်တွေကို ဥပဒေကြောင်းအရရင်ဆိုင်ခဲ့တဲ့၊ လူမွဲတွေအတွက် အခမဲ့အကျိုးဆောင်ခဲ့တဲ့ မြန်မာ့ရှေ့ နေလောကရဲ့  ဂုဏ်ထူးဆောင် ရှေ့ နေကြီး တဦးဖြစ်ပါတယ်လို့ ဆိုပါရစေ။

2 comments:

  1. Carry On U Aye Myint. Appreciate you. Support you.

    ReplyDelete
  2. ဦးအေးမြင့်လိုကဲ့တို့သော သူများ များများပေါ်၍ စစ်အာဏာရှင်စနစ်ကျဆုံးပါစေ

    ReplyDelete